ခရီးသည်လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံး



 စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ကျွဲဆည်ကန် မီးပွိုင့်အနီးရှိ လှိုင်ရွှေဝါကားဂိတ်တွင် အငှားယာဉ်မောင်းသူ များက ခရီးသည် လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါကားဂိတ်တွင် စက်တင်ဘာလ၂၃ ရက်နေ့ နံနက်၈န...ာရီ၃၀ မိနစ်က မလှိုင်မြို့မှ မန္တလေးမြို့တော်သို့ ပြေးဆွဲလာသည့် ခရီးသည်တင်ယာဉ်သည် လှိုင်ရွှေဝါ ကားဂိတ်သို့ ရောက်ရှိလာပြီး မလှိုင်မြို့ ဒေသခံ ဦးသန်းလွင်ပါခရီးသည် ၁၁ဦးသည် ပုသိမ်ကြီးမြို့နယ် အုန်းချောသို့ သွားရောက်လိုကြောင်း ပြောသဖြင့် အဆိုပါကားဂိတ် တာဝန်ခံ ဦးအောင်လွင်က Light Truck ယာဉ် ငှားရန်စီစဉ်နေစဉ် အခြား Light Truck တစ်စီးက အုန်းချောသို့ ရောက်မည်ဟု ခေါ်သဖြင့် ဦးအောင်လွင်က တစ်ခါတည်း မရောက်ဘဲနှင့် မခေါ်ရန်ပြောရာ လိုက်ထရပ်ကားပေါ်မှ ယာဉ်နောက်လိုက် လေးဦးက ဦးအောင်လွင်ကို ဝိုင်းဝန်းရိုက်နှက် ခဲ့ပြီး ခရီးသည် ဦးသန်းလွင်ကိုပါ အသင့်ပါလာသော ကားဂျမ်းတုံးဖြင့် ရိုက်ခဲ့ရာ ဦးသန်းလွင်မှာ သတိလစ် လဲကျသွားသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် ယင်းနေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ် ငှားရမ်းပေးသူ ဦးအောင်လွင်သည် သေဆုံးသူ ခရီးသည် ဦးသန်းလွင်နှင့် ညီအစ်ကို တော်စပ်ပြီး ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ဦးအောင်လွင်က တရားလိုပြု တိုင်တန်း၍ ပြည်ကြီးတံခွန် မြို့မရဲစခန်းက (ပ)၅၀၈/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂/၃၂၃/၁၁၄ အရ အမှုဖွင့်၍ တရားခံ လေးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

"မန္တလေးက ကားသမားအများစုက ခရီးသည်ယာဉ် ဆိုက်တာနဲ့ တစ်ပြိုင်တည်း အလုအယက်နဲ့ ခရီးသည်ခေါ်ကြတယ်။ နောက်ပြီး အိတ်တွေကိုလည်း အတင်း ဆွဲယူသွားပြီးတော့ သူတို့ကားသမား အချင်းချင်း ရန်တွေဖြစ် နေကြတယ်။ အရမ်းစိတ်ပျက်ဖို့ ကောင်းတာ။ အခုတော့ စည်ပင်ရဲတွေ ဘာတွေထားပေးတော့ သိပ်မဆိုးဘူး။ ဟိုဆွဲဒီဆွဲနဲ့ အရမ်းရှက်ဖို့ကောင်းတယ်" ဟု မန္တလေးမြို့ဒေသခံ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ထီးနန်းစိုက်ခဲ့ရာ ယဉ်ကျေးမှုမြို့တော်ဟောင်း မန္တလေး၌ ယင်းကဲ့သို့ လူ့ယဉ်ကျေးမှု ပျောက်နေသော မင်းမဲ့စရိုက်ဆန်သည့် အပြုအမူများက လာရောက်လည်ပတ်သူ ဧည့်သည်များကို စိတ်ပျက်စေကြောင်း မန္တလေးမြို့သို့ မကြာခဏ ရောက်ရှိသူ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း အမှုဆောင်တစ်ဦးက ပြောကြားသည်။The Voice Weekly
Powered by Blogger.