ဆရာတော်အရှင်ဆန္ဒာဓိကမိန့်ကြားသော ဗြဟ္မစိုရ်တရားအကြောင်း
Q. ဗုဒ္ဓဘာသာကို ရေရှည်တည်တံ့အောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက် သင့်ပါသလဲဘုရား။
A. ဗုဒ္ဓအဆုံးအမတွေ ပြန့်ပွားဖို့အတွက်၊ တည်တံ့နေဖို့အတွက်၊ တိုးတက်နေ ဖို့အတွက် အဓိကကတော့ ဗုဒ္ဓရဲ့အဆုံးအမတွေကို များများ သိအောင် လေ့လာရမယ်။ ဘုရားရဲ့အဆုံးအမကို များများသိတဲ့အသိဥာဏ် အားကောင်းဖို့သာ အဓိကပါ။ မြတ်စွာဘုရားရဲ့တရားအဆုံးအမတွေကို များများသိမယ်ဆိုရင် အသိဥာဏ်ပညာတွေ အားကောင်းသွားမယ်။ အသိဥာဏ်ပညာခိုင်မာသွားပြီဆိုရင် ဒီဘာသာတရားအပေါ်မှာ ယုံကြည်မှုလည်း ခိုင်မာသွားတာပါပဲ။ ယုံကြည်မှုနဲ့ အသိဥာဏ်ခိုင်မာ သွားပြီဆိုရင် ကိုယ့်ရဲ့ဗုဒ္ဓဘာသာကို ကာကွယ်ပြီးသားဖြစ်သွားတာပဲ။ တခြားဘာသာက ကိုယ့်ရဲ့ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့မရဘူး။ ကိုယ့်ကို ဗုဒ္ဓဘာသာဝင်အဖြစ်ကနေ ရွေ့လျောသွားအောင် တခြားဘာသာဝင်က လုပ်လို့မရဘူး။ ကိုယ်ကိုယ်တိုင်ရဲ့သဒ္ဓါအားနည်းမှု၊ ပညာအားနည်းမှုကပဲ လုပ်လို့ရတာ။ သဒ္ဓါအား၊ ပညာအားနည်းတယ်ဆိုတာကလည်း ဘုရားရဲ့အဆုံးအမကို မသိလို့ အားနည်းတာပါပဲ။ မိရိုးဖလာအစဉ်အဆက် ကိုးကွယ်နေကြလို့သာ ဗုဒ္ဓဘာသာဝင်ဖြစ်နေတယ်။ မြတ်စွာဘုရားက ဘာဟောလို့ ဟောထားမှန်းလည်းမသိ၊ ဘုရားရဲ့ဂုဏ်တော်က ဘာတွေ ဆိုတာမှန်းလည်းမသိ၊ သိပြန်တော့လည်း ပါဠိလိုပဲသိပြီး မြန်မာလိုမသိဘူး။ အဲဒါကြောင့် ဘုရားရဲ့အဆုံးအမတွေကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ်သိဖို့ လိုအပ်တယ်။
ဗုဒ္ဓဘာသာကို ကိုယ့်ရဲ့အသိဥာဏ်တံတိုင်းနဲ့ပဲ ကာကွယ်ရမှာ။ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဆိုရင် တစ်ဦးတစ်ယောက်ချင်းရဲ့ အသိဥာဏ်တံတိုင်းကြီးကိုရော၊ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ အသိဥာဏ်တံတိုင်းကြီးကိုပါ ထူသထက်ထူအောင် လုပ်ရမယ်။ ဟိုရှေးခေတ်က မင်းနေပြည်တော်တွေကို ကာကွယ်ဖို့အတွက် မြို့ရိုးကြီးတွေကို အထူကြီးတွေ လုပ်ကြတယ်။ ကျုံးကြီးတွေ တူးကြတယ်။ မန္တလေးကို အာရုံပြုကြည့်လိုက်ပေါ့။ ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် ကျုံးကြီးတွေနဲ့ အုတ်တံတိုင်း အထူကြီးတွေနဲ့ ကာရံထားတာ။ အဲဒီလိုပဲ ကိုယ့်ရဲ့ဗုဒ္ဓဘာသာကို တခြားဘာသာဝင်တွေက လွှမ်းမိုးမသွားအောင် ကာကွယ်ဖို့ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ တရားဓမ္မအသိဥာဏ်တံတိုင်းကြီးကို အထူကြီးလုပ်ထားရမှာပါ။ သဒ္ဓါဆိုတာက ရေလိုပဲအေးချမ်းတော့ ကျုံးရေကိုတော့ သဒ္ဓါပဲ ထားလိုက်ပါတော့။ သဒ္ဓါတရားဆိုတဲ့ ကျုံးရေကြီးကလည်း ရေတွေ အနက်ကြီးနဲ့၊ ရေပြင်ကြီးကလည်း အကျယ်ကြီးနဲ့၊ သဒ္ဓါကျုံးရေတွေလည်း အားကောင်းနေမယ်၊ အသိဥာဏ်ပညာဆိုတဲ့ မြို့ရိုးတံတိုင်းကြီးကလည်း ထူထဲနေမယ်ဆိုရင်တော့ ဘယ်ဘာသာဝင်ကမှ ကိုယ့်ဘာသာ ကို နှောင့်ယှက်ဖျက်ဆီးလို့မရဘူး။ ဒါကြောင့် သဒ္ဓါဆိုတဲ့ရေတွေ ကျုံးထဲမှာ များများထည့်ထားဖို့နဲ့ အသိဥာဏ်ဆိုတဲ့ အုတ်တံတိုင်းကြီး ထူထူထဲထဲ လုပ်ထားဖို့သာ အရေးကြီးတယ်။ ဘုရားအဆုံးအမကို များများသိမှ သဒ္ဓါကျုံးရေလည်းအားကောင်း၊ အသိဥာဏ်ပညာတံတိုင်းလည်း ထူထဲသွား မှာပါ။ ဘုရားအဆုံးအမတွေကို များများသိအောင် ကျမ်းဂန်ကြီးတွေကို ဖတ်ရမှာပျင်းတယ်ဆိုရင်တောင်မှ ဆရာတော်၊ သံဃာတော်တွေရေးတဲ့ တရားစာတွေကို များများစုံအောင် ဖတ်မှတ်လေ့လာရမယ်။
ဆရာတော်အရှင်ဆန္ဒာဓိကမိန့်ကြားသော
ဗြဟ္မစိုရ်တရားအကြောင်း
Eternal Light Magazine
August 2013
လူငယ်နှင့် ဗြဟ္မစိုရ်တရား
အေးချမ်းမွန် Credit To > Eternal Light Magazine < Thanks
Re-posted By ACM 15-8-2013