လက်ဝှေ့ပွဲများတွင် လုပ်ပွဲကစားပါက ချက်ချင်းသိရှိနိုင်ဟု ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တာဝန်ရှိသူ ပြော
မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် လုပ်ပွဲများစွာရှိနေသည်ဟု
ဝေဖန်မှုများထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်
အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က တုံ့ပြန်ပြောဆိုသွားခဲ့ပြီး
လက်ဝှေ့ပွဲများ တွင် လုပ်ပွဲကစားပါက တာဝန်ရှိသူများအနေဖြင့်
ချက်ချင်းသိရှိနိုင်ကြောင်း မဇ္ဈိမသို့ပြောသည်။
မြန်မာနိုင်ငံတွင် ဘောလုံးအားကစား၏ နောက်ဒုတိယလူကြိုက်အများဆုံး အားကစားနည်း တစ်မျိုးဖြစ်သည့် ရိုးရာလက်ဝှေ့ပွဲများ၌ လုပ်ပွဲကစားခြင်းမှာ ပမာဏအနည်းငယ်မျှ ရှိနေဆဲဖြစ်သည်ဟုလည်း ထပ်မံဖြည့်စွက်
ပြောဆိုလိုက်သည်။
“ရိုးရာလက်ဝှေ့ပွဲတွေမှာ လုပ်ပွဲကစားနေတယ်လို့ပြောတဲ့ ပရိသတ်က ရိုးရာလက်ဝှေ့ပရိသတ် မစစ်ဘူး လို့ ကျွန်တော် ပြောချင်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေကို အမြဲပုံမှန်ကြည့်နေကျ ပရိသတ်ဆိုရင် သိပါတယ်။ လုပ်ပွဲလုံးဝမရှိဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့် ၉၅ ရာခိုင်နှုန်းလောက်တော့ အာမခံနိုင်ပါတယ်။ ကစားသမား
တွေ လုပ်ပွဲကစားတယ်ဆိုရင် အောက်မှာကြည့်နေတဲ့ ပညာရှင်ကြီးတွေက သိပါတယ်။ သိတာနဲ့ တစ်ပြိုင်နက်တည်း ပွဲကိုချက်ချင်းရပ်ပြီး တစ်ခါတည်း ဆင်းခိုင်းပါတယ်” ဟု ဦးစိုင်း ဇော်ဇော်က ပြောသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ကြိုးဝိုင်းဒိုင်တစ်ဦးကလည်း “ကျွန်တော်တို့ကြိုးဝိုင်းထဲမှာ စောင့်ကြည့်ပါတယ်။ လက်သီးကို ဆယ့်ငါးစက္ကန့်ထက်ကျော်ပြီး ချိန်နေတယ်ဆိုရင် သတိပေးပြီး ထိုးခိုင်းပါတယ်။ ပွဲချိန်ထဲမှာ အချိန်အကြာကြီး
ရှောင်ကစားနေတယ်ဆိုတာနဲ့ ပွဲရပ်ပြီး သူတို့ကို သတိပေးပါတယ်။ ဒီထက်ပိုဆိုးရင်တော့ ခုံဒိုင်တွေနဲ့တိုင်ပင်ပြီး ပွဲရပ်လိုက်ပါတယ်။ လုပ်ပွဲတွေရှိတယ်ဆိုရင်တောင် ဒိုင်တွေကတော့ ပူးပေါင်း ပါဝင်ခြင်းမရှိပါဘူး”ဟု ဆိုသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများမှာ တစ်ပွဲလျှင်ထိုးသတ်ကြေး သိန်းနှင့်ချီပြီးရနေသဖြင့် လုပ်ပွဲ မကစားသင့်
ကြောင်းနှင့် လက်မှတ်တစ်စောင် သောင်းဂဏန်းဖြင့် ၀ယ်ယူကြည့်ရှုနေရသောပရိသတ်ကို လေးစားသင့်ကြောင်း စမ်းချောင်းမြို့နယ်မှ လက်ဝှေ့ပရိသတ်ကိုကျော်ဦးက သူ၏ ခံစားချက်ကို ဖွင့်ဟ သည်။
“ကျွန်တော်တို့ ပွဲတိုင်းနီးပါးကြည့်တာဗျ။ နောက်ပိုင်းပွဲတွေမှာ အလဲအကွဲထိုးတာ သိပ်မတွေ့ရဘဲ သရေပွဲ တွေက
များနေတယ်။ ပရိသတ်ကိုညာနေသလိုပဲ။ သူတို့က ငွေအများကြီးရတာပါဗျာ။ ကျွန်တော်တို့က ငွေကုန်ခံပြီး သူတို့ကို အားပေးနေတာပါ” ဟု ၎င်းက ဆိုသည်။
နာမည်ကြီး လက်ဝှေ့သမားတစ်ဦး ဖြစ်သည့် စောငမန်းကမူ “တစ်ပွဲကို ငါးချီပြည့်အောင်ထိုးရတာ တကယ်တော့ မလွယ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သိပ်မကွာတော့ သရေပွဲတွေ ဖြစ်နေတာပေါ့။ ဒါကိုမှ ပရိသတ်က လုပ်ပွဲလို့ထင်တော့လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ကတော့ လုပ်ပွဲတစ်ပွဲမှ မရှိဘူးလို့ပြောချင်
ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာ့ရိုးရာ လက်ဝှေ့သမားများ၏တစ်ပွဲ ထိုးသတ်ကြေးမှာ အနိမ့်ဆုံးသုံးသောင်းမှ အမြင့်ဆုံး သိန်းလေးဆယ်အထိ
ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။http://www.mizzimaburmese.com ကူးယူဖော်ပြသည်