NLD ပါတီတွင်း အကွဲအပြဲများ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ ၊ ပုသိမ် NLD ပါတီဝင် ၅၀၀ နှုတ်ထွက်
NLD ပါတီတွင်း အကွဲအပြဲများ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ နေကြောင်း သတင်းရရှိသည်။
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်ရန် ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ့ ညနေပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ပါတီဝင်များ အနေဖြင့် နှုတ်ထွက်ခြင်းကိုအခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်းနှင့်
နှုတ်ထွက်သူများ အနေဖြင့် NGO ပုံစံဖြင့် ဆက်လက် ရပ်တည် သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။
ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင်လာရောက်ဖွင့် လှစ်ပေးခဲ့သော မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD ပါတီဝင်များထောက်ခံသော ခေါင်းဆောင် (၃)ဦးအား ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သော ဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့် ပုသိမ် NLD ပါတီဝင်အများစုမှာ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြသည်မှာ ကြာပြီဖြစ်ပြီး ဒီကနေ့ မှာ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ပုသိမ် NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပါတီခေါင်းဆောင် (ပုသိမ်)မှ သုံးဦးအား ထုတ်ပယ်သော ကြေညာ ချက်ကို မြို့နယ်ပါတီဝင်အများစုက မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေညာချက်များကို ပြန်လည် ထုတ်ပြန်ထားကြောင်း ကိုလည်း သိရှိရသည်။
ကျနော်တို့လည်း မကြာခင် ပါတီဝင်ကဒ်ပြားတွေကို ပြန်အပ်ပြီး ပါတီဝင်အဖြစ်က နှုတ်ထွက်မှာပါ” ဟု ပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ်ကွက်အောင်နိုင်ရေး လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်း NLD ပါတီတွင်း လူကြီး များက ထိုင်ခုံ ဖယ်မပေးချင်မှု နှင့် လူငယ်များက နေရာလိုချင်မှု ပြဿနာများ ဆက်တိုက်ဖြစ်ပွားလာရာ။ ယခု အခါ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိလာခြင်းပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး
ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး
ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို
ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင် ညှိနှိုင်းနိုင်မှုမရှိသော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။
ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်၌် သဘောထားကွဲလွဲမှုများ ဖြစ်ပွားရာတွင် NLD ကို ပြန်လည် ဆန္ဒပြသူများ၊ တိုင်စာပို့သူများ၊ လူကိုယ်တိုင် လာရောက်တိုင်းကြားသူများ ရှိကြောင်း NLD နာယက ဦးတင်ဦးက ပြောသည်။
“၂၀၁၅ မှာ ပြည်ခိုင်ဖြိုးအပါအဝင် တခြားပါတီတွေက ဒီအတိုင်း ပြန်ထွက်လာကြမှာ မဟုတ်ဘူး။ သူတို့ရှုံးခဲ့တဲ့ အားနည်းချက်တွေကို အားသာချက်တွေရှိလာအောင် ပြင်ဆင်ပြီး လုပ်လာကြမှာပဲ၊ အဲဒီအချိန်မှာ ကျနော်တို့ဘက်က ရွစိရွစိနဲ့ လူမုန်းစရာ၊ သံသယဖြစ်စရာ၊ စိတ်ထဲမှာ အားမကိုးစရာ ဖြစ်သွားမယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ အခုနိုင်သလိုမျိုး နိုင်မှာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
ဦးတင်ဦးမှ ၂၀၁၅ တွင် အနိုင်မရနိုင်ကြောင်း ပြောကြားအပြီး မှာ ၈၈ မျိုးဆက် ဆိုသူများကလည်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း၊ ဝန်းရံကြောင်း လျှာထွက်အောင် ပြောခဲ့ပေမယ့် ယခု အခါ NLD သို့ မဝင်ပဲ ကိုယ်တိုင် ပါတီထောင်မယ်လို့ သိရပါတယ်။
လူဦးရေ သန်း ၅၀ ရှိသော မြန်မာနိုင်ငံမှာ ပါတီပေါင်း ၅၀ ကျော်ရှိပြီး ၁၀ ယောက် တစ်ပါတီထောင်ကာ အမျိုးမျိုးကွဲပြားလျှက် ရှိသည်။
အကွဲအပြဲများဖြင့် မငြိမ်းမချမ်းဖြစ်နေသည့် NLD ပါတီဥက္ကဌမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး သူမ၏ လက်သုံးစကားမှာ အမျိုးသား ရင်ကြားစေ့ရေး ဟူ၍့ဖြစ်သည်။ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ရဲ့ ပါတီက မငြိမ်းမချမ်းနှင့် ရင်ကြားမစေ့နိုင်ဖြစ်နေခြင်းများကြောင့် အသုံးမကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို လူအများက စိတ်ပျက်လျှက်ရှိကြောင်း သတင်းရရှိသည်။