၂၀၁၈ ခုနှစ်ထိ မိခင်များကိုယ်ဝန်မဆောင်ရန် အစိုးရတိုက်တွန်း
တောင်အမေရိကနဲ့ အလယ်အမေရိကနိုင်ငံတချို့မှာ ဗိုင်းရပ်ပိုးတမျိုးကြောင့် ပုံမှန်မဟုတ်တဲ့ ခလေးမွေးဖွားလာနိုင် တဲ့အတွက် လောလောဆယ် မိခင်တွေ ကိုယ်ဝန်မဆောင်ကြဖို့ အစိုးရတွေက တိုက်တွန်းထားပါတယ်။
ကိုလံဘီယာ၊ အက်ကွေဒေါ်၊ အယ်စဗားဒိုးနဲ့ ဂျမေကာနိုင်ငံတွေမှာ ခြင်ကနေကူးစက်တဲ့ ဇစ်ကာဗိုင်းရပ်စ်တမျိုး ပျံ့နှံ့နေတဲ့အတွက် ၂၀၁၈ အထိ ကိုယ်ဝန်မဆောင်ကျဖို့ အစိုးရတွေက တိုက်တွန်းထားတာပါ။
ဇစ်ကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးခေါင်း ပုံမှန်ထက်သေးငယ်တဲ့ ခလေးငယ်တွေကို မွေးဖွားလာတာကို ဘရာဇီးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။
ပြီးခဲ့တဲ့အောက်တိုဘာလ နောက်ပိုင်း ဘရာဇီးနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ ခလေးမွေးဖွားမှု ၄ ထောင်လောက် ရုတ်တရက်မြှင့်တက်လာတဲ့အတွက် အစိုးရတွေက အရေးပေါ်အစီအစဉ်တွေ ချမှတ်ဆောင်ရွက်လာကြတာပါ။ အမေရိကန်ပြည်ထောင်စုကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ အဲ့ဒီ အလယ်အမေရိကနဲ့ တောင်အမေရိကနိုင်ငံ ၂၀ ကျော်ကို ခရီးမသွားကြဖို့ တိုက်တွန်းထားပါတယ်။
ခလေးခေါင်းသေးရောဂါနဲ့ ဒီ ဇစ်ကာဗိုင်းရပ် ဆက်စပ်မှုကို လောလောဆယ် မသိသေးပေမယ့် သေဆုံးသွားတဲ့ ခေါင်းသေးခလေးတချို့ရဲ့ဦးနှောက်ထဲမှာ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြတာပါ။
ဘာကြောင့် ဒီနိုင်ငံတွေမှာ ကူးစက်မှု နှုန်းမြန်ဆန်ခဲ့တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဇစ်ကာဗိုင်းရပ်စ်ဟာ ခြင်ကနေပဲ ကူးစက်ပြီး ရောဂါလက္ခဏာကတော့ တုတ်ကွေးလက္ခဏာဖြစ်ပါတယ်။
ဒီဗွီဘီ
No comments