မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သူနာပြုဆရာမ တစ်ဦး၏ ပေါ့ဆမှုကြောင့် သမီးဖြစ်သူ သေဆုံးခဲ့ရသည် ဟုဆိုကာ မိသားစုမှ သတင်းစာရှင်းလင်း
မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် သူနာပြုဆရာမ တစ်ဦး၏ ပေါ့ဆမှုကြောင့် သမီးဖြစ်သူ သေဆုံးခဲ့ရသည် ဟုဆိုကာ မိသားစုမှ သတင်းစာ ရှင်းလင်းပွဲကို မီဒီယာစင်တာ (မန္တလေး) တွင် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။ မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ICU တွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့ရသော မမေပိုင်စိုးမှာ ဆေးရုံတက်ရောက်နေစဉ် ကာလအတွင်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက် ရှိသော်လည်း ၁၄ ရက် အကြာတွင် သူနာပြု ဆရာမတစ်ဦး၏ ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောကြားသည်။ “သမီးက အသက်ရှူမ၀လို့ ဆေးရုံစတက်တော့ အောက်ဆီဂျင် ၆၆ ထိကျနေတယ်။ အထူးကြပ်မတ်ဆောင်မှာ လိုအပ်တဲ့ ကုသမှုတွေလုပ်တော့ အောက်ဆီဂျင်က ၉၉ ထိမြင့် တက်လာပါတယ်။ အဲဒီနောက်ပိုင်း အောက်ဆီဂျင်ပိုက်မပါရင် အသက်ရှူဖို့ အခက်အခဲရှိတော့ လည်ပင်းမှာ အပေါက်ဖောက်ပြီး ပြွန်ထည့် ရမယ်ဆိုလို့ သွေးဖောက်စစ်ဆေးတာတွေ လုပ်တယ်။ သွေးဖောက်တာက ဆေးရုံတက်တဲ့ ၁၄ ရက်စလုံးမှာ နေ့တိုင်းဖောက်ယူတယ်။ စစ်တယ်။ ဘာရောဂါလဲ ဆိုတာတော့ မသိရဘူး။ မေးတော့လည်း အဖြေမရဘူး။ ဖောက်လိုက်တဲ့ သွေးကတော့ တစ်ရက်ကို သုံးကြိမ်ကနေ တချို့ရက်တွေမှာဆို ၁၀ ကြိမ်လောက် အထိတောင် ဖောက်ယူတယ်။ သွေးဖောက်စစ်ခက ကျပ် ၁၂၀၀၀ ကနေ ကျပ် ၈၀၀၀၀ အထိ ပေးရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံး သမီးဆုံးတဲ့နေ့က တနင်္ဂနွေနေ့ဖြစ်တော့ ဆေးရုံမှာ ဆရာဝန်ကြီးတွေ မရှိပါဘူး။ သူနာပြုဆရာမ လေးဦးလောက်ပဲ ရှိတဲ့အထဲက နှစ်ယောက်က အရေးပေါ်ဌာနဘက် ရောက်နေတယ်။ ICU ထဲမှာက သမီးကို သူ့ညီမက စောင့်နေတာပေါ့။ အဲဒီမှာ အောက်ဆီဂျင် ၈၄ ကို ကျသွားလို့ ဆရာမတစ်ဦးကို ထွက်ပြောတယ်။ ဆရာမက လာမကြည့်ဘဲ ၈၄ ရှိတယ်။ ဘာမှမဖြစ်ဘူး ဆိုလို့ ပြန်လာတယ်။ ဒါပေမဲ့ သမီးအသက်ရှူတာ မူမမှန်လို့ ဆရာမကို အောက်ဆီဂျင်ထဲမှာ ချွဲရှိတဲ့အကြောင်း ထပ်ပြီးသွားပြောတယ်။ အဲဒီမှာ ဆရာမက ‘နင်တို့က ဆရာမလား၊ ငါက ဆရာမလား’ လို့ ပြန်ပြောတော့ အချေအတင် စကားပြောဆိုပြီး ပြန်လာတော့ သမီးက အသက်မရှိတော့ပါဘူး။ အောက်ဆီဂျင်ထဲမှာ ချွဲပိတ်ပြီး ၁၅ မိနစ်လောက် အကြာမှာ သေဆုံးခဲ့ရတာပါ။ ဆရာမသာ အောက်ဆီဂျင်ထဲက ချွဲကိုလာပြီး စုပ်ထုတ်ပေးမယ်ဆို ခုလိုဖြစ်လာမှာ မဟုတ်ဘူး” ဟု သေဆုံးခဲ့သူ မမေပိုင်စိုး၏ ဖခင်ဖြစ်သူ ဦးစိုးစိုးက ရှင်းလင်းပြောကြားသည်။ ယင်းဖြစ်စဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေး ၀န်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံလည်း တင်ပြအစီရင်ခံခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မိသားစုကို စက်တင်ဘာ ၁၄ ရက်က ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်စဉ်အား ပြန်လည်စိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။ “သမီးဆုံးသွားတော့ ဆေးရုံက ပြောပါတယ်။ ဒီကိစ္စကို တိုင်ကြားမယ်ဆိုရင် ရင်ခွဲရုံ ပို့ရမယ်။ မတိုင်ဘူး ဆိုရင်တော့ လက်မှတ်ထိုးပြီး သယ်သွားလို့ ရတယ်လို့ ပြောပါတယ်။ တိုင်တာ တောတာတွေလည်း မလုပ်ချင်ပါဘူး။ ဆုံးသွားတဲ့ သမီးကိုလည်း ရင်ခွဲစစ်ဆေးတာတွေ ထပ်မလုပ် စေချင်တော့ဘူး။ ဒါကြောင့် နာရေးကိစ္စကို အိမ်မှာသယ်ယူပြီး လုပ်လိုက်တာပါ။ ခုလို ရှင်းလင်းတာကတော့ ICU ဆိုတဲ့ အထူးကြပ်မတ်ဆောင် ဆိုတာနဲ့အညီ ဆောင်ရွက်စေချင်တယ်။ တနင်္ဂနွေလိုရက်မှာ လူမရှိတာ မဖြစ်သင့်ဘူး။ နောက် လူတွေကို သမီးလို မဖြစ်စေချင်လို့ပါ” ဟု ဦးစိုးစိုးက ဆက်လက် ပြောကြားသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဆေးလူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က “ဒီမှာက လူနာဆောင် ၂၉ ဆောင် ရှိပါတယ်။ ဒါကြောင့် တချို့ကိစ္စတွေကျ ကျွန်တော်တို့ဆီ ရောက်မလာတာတွေ ရှိပါတယ်။ အများနဲ့ လုပ်ရတဲ့ အချိန်မှာ မပြေလည်မှုတွေ လိုအပ်ချက်တွေကတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ၀န်ကြီးချုပ်က ဆေးရုံအုပ်ကြီးကို တွေ့ဆုံဆွေးနွေးပြီး အဖြစ်မှန်တစ်ခုကို ပြန်ကြားပေးပါ ဆိုခဲ့ရင်တော့ ဆေးရုံစီမံခန့်ခွဲမှု ကော်မတီကနေ ဘုတ်အဖွဲ့ ဖွဲ့စိစစ်ပြီး ပြန်ကြားပေးသွားမှာပါ။ ခုချိန်ထိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီးက တစ်စုံတစ်ရာ ပြောကြားလာခြင်း မရှိသေးပါဘူး” ဟု ပြောကြားသည်။ မင်းသန့် (မန္တလေး) – eleven news