မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက်တွင် ချစ်တင်းနှောရန် တောင်းဆိုရာ ဇနီးဖြစ်သူက ငြင်းဆိုခဲ့ခြင်းကြောင့် ခင်ပွန်းဆွဲကြိုးချသေဆုံးခဲ့
အမျိုးသားက ကိုယ်လက်နှီးနှော လိုကြောင်း ဇနီးဖြစ် သူကိုတောင်းဆိုသော်လည်း အလုပ်ပင်ပန်းသည့်အတွက် နောက်နေ့မှ နေရန်ပြောဆိုခဲ့သည်။ မင်္ဂလာဒုံမြို့နယ်တွင် လင်မယားကိုယ်လက်နှီးနှောရန် တောင်းဆိုရာ ဇနီးဖြစ်သူက ငြင်းဆိုခဲ့ခြင်းကြောင့် ခင်ပွန်းဆွဲကြိုးချသေဆုံးခဲ့သည်ဆိုမှု စက်တင်ဘာလ ၂၈ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ နံနက် ၅ နာရီ အချိန်ခန်တွင် မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက်တွင်အမျိုးသားတစ်ဦးဆွဲကြိုးချ သေဆုံးကြောင်းသတင်းအရ ဒုရဲမှူးထွန်းထွန်းသန်းနှင့် အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နေအိမ်အိပ်ခန်း အတွင်း လျှပ်စစ်ဝါယာကြိုးကို အသုံးပြုကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်သည်။ စုံစမ်းချက်အရ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် အဆိုပါ အမျိုးသားက ကိုယ်လက်နှီးနှော လိုကြောင်း ဇနီးဖြစ် သူကိုတောင်းဆိုသော်လည်း အလုပ်ပင်ပန်းသည့်အတွက် နောက်နေ့မှ နေရန်ပြောဆိုခဲ့သည်။ည ၂ နာရီ အချိန်ခန့်တွင် ထိုအမျိုးသားက အိပ်နေသည့် ဇနီးဖြစ်သူကိုနှိုးကာ အတူနေရန် ပြောဆိုခဲ့ရာ ဇနီးဖြစ်သူက ငြင်းဆိုခဲ့သည်။ ထိုသို့ငြင်း ဆိုလိုက်သောကြောင့် စိတ်ကောက်ကာအိပ်ခန်းအပြင်သို့ထွက်သွားခဲ့ပြီး ဆေးလိပ်သောက်နေခဲ့ကြောင်း၊ ခင်ပွန်းကို ချော့မော့ပြီးအိပ်ခန်းသို့ပြန်လည်ခေါ်ယူကာ အိပ်ရာဝင်ခဲ့ကြောင်း၊ နံနက် ၄နာရီ အချိန်ခန့်တွင် ၀ုန်းဟုဆိုသည့် အသံကြား၍ ထကြည့်စဉ် ခင်ပွန်းဖြစ်သူမှာ ဆွဲကြိုးချသေဆုံးခဲ့သည်ကို တွေ့ရ သဖြင့် ပတ်ဝန်းကျင်ကို အကူညီတောင်းခံခဲ့ကြောင်း ဇနီးဖြစ်သူပြောပြချက်အရသိရသည်။ အလောင်းကို အင်းစိန်ဆေးရုံသို့ပို့အပ်ရာ ပီအာရ် ၁၈ ဖြင့်လက်ခံထားပြီး မင်္ဂလာဒုံမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၁၂/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ The Myanmar Times