အမြန်လှန်ချေမှုန်းရေး ထိပ်တန်းဦးစားပေးဖြစ်ဟု အိုဘားမား ပြော


အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ဟာ ထိပ်တန်းဦးစားပေး အမှတ်တစ်ဖြစ်တယ်၊ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို အမြစ်လှန် လိုက်ရှာ ချေမှုန်းရမယ်လို့ သူ သမ္မတအဖြစ် နောက်ဆုံးပြောတဲ့ နိုင်ငံတော်အခြေပြု မိန့်ခွန်းအတွင်း ပြောဆိုလိုက်ပါတယ်။

အမေရိကန်စီးပွားရေး ကျနေတယ်လို့ တယောက်ယောက်က ပြောနေတာဟာ ဆွယ်တရားဟောနေတဲ့ စိတ်ကူးယဉ်ပုံပြင်ပဲလို့လည်း ဇန်န၀ါရီ ၁၂ ရက်နေ့က ပြောလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ အခုအချိန်မှာ ကမ္ဘာ့အားအကောင်းဆုံးနဲ့ တာရှည်အခံဆုံး စီးပွားရေးနိုင်ငံဖြစ်တယ်၊ ကျနော်တို့ဟာ သမိုင်းမှာ ပုဂ္ဂလိက ကဏ္ဍမှာ အကိုင်အကိုင်ဖန်တီးမှု အကြာရှည်ဆုံး အပိုင်းရဲ့ အလယ်မှာ ရှိနေတယ်” လို့ အိုဘားမားက ပြောပါတယ်။

ဒါပေမယ့် ဝင်ငွေမညီမျှမှုကို အသိအမှတ်ပြုပြီး အလုပ်တွေ ပိုပြီးလုပ်ခဲ့ဖို့ လိုတယ်လို့လည်း ထပ်ပြောပါတယ်။

ခေတ်နဲ့မဆီလျော်တော့တဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့လိုပြီး ကြိုးနီစနစ်တွေကိုလည်း ဖြတ်တောက်ဖို့လိုတယ်လို့ ထင်ကြောင်းလည်း အိုဘားမားက ပြောပါတယ်။

ကော်ပိုရေးရှင်းကြီးတွေက စံချိန်တင်လောက်အောင် မြတ်စွန်းနေပေမယ့် အလုပ်လုပ်နေတဲ့ မိသားစုတွေကတော့ ဘဏ်ကြီးတွေ၊ ရေနံကုမ္ပဏီကြီးတွေ ဒါမှမဟုတ် ရန်ပုံငွေတွေကြောင့် လခပိုရလာမှာ ဒါမှမဟုတ် အခွင့်အရေးတွေ ပိုရလာမှာ မဟုတ်ဘူး၊ စားလောက်ရုံရနေတဲ့ လူတွေက ဝေါလ်စထရိမှာ မငြိမ်သက်မှုလိုမျိုး ဘဏ္ဍာရေး အကျပ်ရိုက်စေမှာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အမေရိကန်သမ္မတရဲ့ နိုင်ငံတော်အခြေပြု မိန့်ခွန်းထဲမှာ လက်နက်ထိန်းချုပ်ရေးကို အာရုံစိုက်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြပေမယ့် မိန့်ခွန်းကို နိဂုံးချုပ်ခါနီးမှာ တခွန်းသာ ပြောခဲ့ပါတယ်။

စီးပွားရေးဆိုတဲ့ စကားလုံးကို ၁၅ ခါ ပြောခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုအကြောင်း လေးကြိမ် ထည့်ပြောခဲ့ပါတယ်။

အိုဘားမားဟာ ဒီနှစ်အတွက် မိန့်ခွန်းကို ပိုပြီး တိုတိုပြောမယ်ဆိုတဲ့ သူ့ကတိကိုလည်း တည်အောင်လုပ်သွားခဲ့ပုံရပါတယ်။

မနှစ်ကထက် ဒီနှစ်မိန့်ခွန်းက စာလုံးရေ ၁၃၀၀ ကျော် လျော့နည်းတယ်လို့ မီဒီယာတွေက အစီရင်ခံခဲ့ကြပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.