အရက်ကို မူးအောင် များများနဲ့ မြန်မြန်သောက်လေ့ရှိသူတွေမှာ အသည်းဆိုးဆိုးရွားရွား ပျက်စီးနိုင်ခြေ ၁၃ ဆ ပိုများ


အချိန်ခဏလေးအတွင်း အရက်ကို အသားကုန်သောက်တာဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဒါပေမယ့် အချိန်နာရီအနည်းငယ်အတွင်းမှာ အရက်ပမာဏအများအပြား ကို သောက်သုံးခြင်းဟာ လူတွေ ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းကြောင်း သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ၊ အရက်ကို ခဏလေးနဲ့ အမှောက်သောက်တာဟာ အသောက်အများဆုံးပုံစံ တစ်ခုဖြစ်ပြီး လူငယ်လူရွယ် ခြောက်ယောက်မှာ တစ်ယောက်ဟာ တစ်လကို လေးကြိမ်လောက် အမှောက် သောက်တတ်ကြတယ်လို့ ဆိုပါတယ်။ Binge drinking ခေါ် မူးဖို့ ရည်ရွယ်ချက်နဲ့ အရက်ကို များများနဲ့ မြန်မြန်သောက်ခြင်းဆိုတာ နှစ်နာရီအတွင်းမှာ အမျိုးသားတွေအနေနဲ့  အရက် ငါးခွက်နဲ့ အထက်၊ အမျိုးသမီးတွေအနေနဲ့  ၄ ခွက်နဲ့ အထက် သောက်သုံးခြင်းလို့  ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာ (CDC) က အဓိပ္ပါယ်ဖွင့်ထားပါတယ်။

အမေရိကန်၊ Missouri တက္ကသိုလ်၊ ဆေးပညာဌာနက ပရော်ဖက်ဆာ Shivendra Shukla နဲ့ အဖွဲ့ ဟာ အရက် တာရှည်စွဲသောက်မှုနဲ့ ၊ အချိန်တိုအတွင်း အမှောက်သောက်တတ်မှု တို့ ကြောင့် အသည်းပျက်စီးမှုကို ကြွက်တွေနဲ့ လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ စမ်းသပ်မှုလေးပတ်ကြာပြီးနောက်မှာတော့၊ အရက်ကိုတာရှည်တိုက်ထားတဲ့ ကြွက်တွေနဲ့  အရက်ပမာဏ အများအပြားအချိန်တိုအတွင်း ထပ်ခါတလဲလဲတိုက်ထားတဲ့ကြွက်တွေဟာ အသည်းပျက်စီးမှု အဆိုးရွားဆုံး ဖြစ်နေတာကို တွေ့ ရှိခဲ့ရပါတယ်။

ဒီ့အပြင် ပုံစံနှစ်မျိုးလုံးတိုက်ထားတဲ့ကြွက်တွေမှာတော့ လုံးဝအရက်တိုက်ကျွေးစမ်းသပ်ထားခြင်းမရှိတဲ့ ကြွက်အုပ်စုနဲ့ နှိုင်းယှဉ်ကြည့်ရင် အသည်းဆိုးဆိုးရွားရွားပျက်စီးမှု ၁၃ ဆ ပိုများနေတာကို တွေ့ ရှိခဲ့ရပါတယ်။“ အရက်ကို အလွန်အကျွံသောက်ခြင်းဟာ အသည်းတင်မကဘဲ၊ ခန္ဓာကိုယ်ထဲက တခြားအစိတ်အပိုင်းစနစ်တွေကိုလည်း ရောင်ရမ်းပျက်စီးမှုတွေရှိနိုင်ပြီး ဆီးချိုသွေးတိုး၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါတွေနဲ့  တစ်ချို့ ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ပါတယ်” လို့ Professor Shukla က ရှင်းပြခဲ့ပါတယ်။

Ref: DailyMail 

No comments

Powered by Blogger.