လိပ်ကျွန်းအမှု တရားရုံးစီရင်ချက်ကို လက်ခံသည်ဟု မြန်မာသံအမတ် ပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာ ဖော်ပြ


Bangkok Post သတင်းစာတွင် ဖော်ပြထားသည့် သတင်း။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားရုံး၏စီရင်ချက်ကို လက်ခံသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ပြောဆိုခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်းက ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။ အဆိုပါအမှုတွင် မြန်မာလုပ်သားနှစ်ဦးသည် တရားခံ အစစ်အမှန်များ မဟုတ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် မြန်မာသံအမတ်က ယခုလို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းစာက ရေးသားခဲ့သည်။

မြန်မာသံအမတ် ဦးဝင်းမောင်က သေဒဏ်ချမှတ်ခြင်းခံရသူ မြန်မာလုပ်သားနှစ်ဦး၏ ကံကြမ္မာသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှုမရှိစေနိုင်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့တွင် အဆိုပါတရားစီရင်မှုပြစ်ဒဏ်ကို လူပေါင်းရာနှင့်ချီ ကန့်ကွက်ဆန္ဒပြနေချိန်နှင့် တိုက်ဆိုင်စွာ ဦးဝင်းမောင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

“လူတိုင်းကတော့ သေဒဏ်စီရင်ချက်တစ်ခုကို ကြားသိရရင် ဝမ်းနည်းကြမှာပဲလေ။ ဒါပေမဲ့ ဒါဟာ ဥပဒေကြောင်း လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ ဥပဒေကြောင်းအတိုင်း ကျွန်တော်တို့ လိုက်နာစောင့်ထိန်းဖို့လိုပါတယ်”ဟု ဦးဝင်းမောင်က ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းအစိုးရအိမ်တော်၌ ပြောကြားခဲ့သည်။ ၎င်းသည် ရေဘေးကူညီမှုအလှူငွေ ဒေါ်လာ ၁၂၀၀၀ နီးပါးကို လက်ခံယူရန် အစိုးရအိမ်တော်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ အဆိုပါအလှူငွေကို ထိုင်းအစိုးရကိုယ်စား ဝန်ကြီးချုပ်ရုံးဝန်ကြီး ပန်နက်ဒါ ဒစ္စကူလ်က ပေးအပ်ခဲ့သည်။

“ကျွန်တော်တို့နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ပန်နက်ဒါကို ကျွန်တော် ပြောခဲ့ပါတယ်။ အခုအမှုကို ထိုင်းအစိုးရက အထူးမှန်မှန်ကန်ကန် ကိုင်တွယ်ခဲ့လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဒီအမှုကြောင့်တော့
နှစ်နိုင်ငံ သံတမန်ရေးရာဆက်ဆံရေးမှာ ဘယ်လိုပြဿနာမှ ရှိမလာနိုင်ဘူးလို့ ကျွန်တော်ပြောလိုပါတယ်”ဟုလည်း ဦးဝင်းမောင်က ဆိုသည်။ ၎င်းက အမှုအပေါ် စီရင်ချက်ကို အယူခံရုံးတွင် အယူခံဝင်ခွင့် ရှိနေဆဲဟုလည်း ပြောကြားခဲ့သည်။

ပန်နက်ဒါက နှစ်နိုင်ငံ ရင်းနှီးပျူငှာစွာဆက်ဆံနေမှုကို ဆက်လက်လိုလားကြောင်း ပြောကြားခဲ့ရာ မြန်မာသံအမတ်က
မြန်မာနိုင်ငံသို့ လာရောက်သည့် ထိုင်းနိုင်ငံသားများနှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတို့၏လုံခြုံရေးကို အကာအကွယ်ပေးနေမည်ဖြစ်ကြောင်း ဖြည့်စွက်ကတိပြုခဲ့သည်။

လတ်တလောတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲများက အဓမ္မနှိပ်စက်ညှင်းပန်း၍ ဝန်ခံထွက်ဆိုစေခဲ့ကြောင်း သတင်းများအပေါ်တိတိကျကျ စုံစမ်းပေးရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုထားသည်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားရုံးမှာထွက်ဆိုထားမှုအားလုံးဟာ နှိပ်စက်ညှင်းပန်းမှုရဲ့ နောက်ဆက်တွဲ
ရလဒ်မဟုတ်ဘူးဆိုတာ သေချာစေဖို့ လိုပါတယ်။ ဒီလို စစ်ဆေးရာမှာ လွတ်လပ်တဲ့အဖွဲ့အစည်းတွေက တာဝန်ယူသင့်ပါတယ်။ ထိုင်းရဲတွေနှိပ်စက်ကြောင်း အမှုကိုစုံစမ်းတဲ့အခါ ထိုင်းရဲတပ်ဖွဲ့ကဝင်ပါတာမျိုး မဖြစ်သင့်ဘူး”ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး ချမ်ပါပက်တယ်လ်က ပြောကြားခဲ့သည်။

ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝမ်ဆူဝန်က ရန်ကုန်ရှိ ထိုင်းသံရုံးလုံခြုံရေးကို အပြည့်အဝကာကွယ်ပေးရန်နှင့် ယခုအမှုသည် ဥပဒေရေးရာကိစ္စတစ်ခုဖြစ်သည်ကို အများနားလည်စေရေး ကူညီပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုခဲ့သည်။ ၎င်းက တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးတွင် မည်သည့်ထိခိုက်ပျက်ယွင်းမှုမျှမရှိနိုင်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက ယခုအမှုနှင့်ပတ်သက်၍ ဆန္ဒပြလာမည်ကို စိုးရိမ်မှုရှိမရှိ မေးမြန်းသည့်အခါ ပရာဝစ်က ထိုင်းအာဏာပိုင်များအနေဖြင့် ဥပဒေကြောင်းအတိုင်း ကိုင်တွယ်လုပ်ဆောင်သွားမည်ဟု ဖြေကြားသွားသည်။

Ref: Bangkok Post
7day

No comments

Powered by Blogger.