ဖားကန့်မြေပြိုမှု ၁၀၀ သေ၊ ၁၀၀ လောက် ပျောက်ဆုံးဆဲ
|  | 
| ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်နေဆဲ (Credit: AFP) | 
ပျောက်ဆုံးနေတဲ့ လူတွေကိုလည်း အသက်ရှင်လျက် တွေ့ရမယ့် အလားအလာတွေ နည်းပါးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူပေါင်း ၁၀၀ လောက် ပိတ်မိနေဦးမယ်လို့ ခန့်မှန်းနေကြတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ကမ္ဘာပေါ်မှာ အရေအသွေးအမြင့်ဆုံး ကျောက်စိမ်းတွေ ထွက်တဲ့ ဖားကန့်ဒေသမှာ စနေနေ့ မနက် လူတွေ အိပ်နေသေးတဲ့ အချိန်လောက်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။
တနင်္ဂနွေညနေ ၄ နာရီလောက်မှာ အလောင်းပေါင်း ၉၇ လောင်းကို ရရှိထားတယ်လို့ ဖားကန့်မြို့နယ်အရာရှိ ဦးတင်ဆွေမြင့် က အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။
သေဆုံးသူ ဦးရေက ၉၇ ယောက်ထက် များပြားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ကျောက်စိမ်းတူးတဲ့ လူတွေဟာ ယာယီတဲတွေ ထိုးပြီး နေထိုင်ကြလေ့ရှိသလို ဘယ်ကနေ လာပြီး ဘယ်နှစ်ယောက် ရှိသလဲ ဆိုတာကို ဘယ်သူမှ အတိအကျ မသိကြဘူးလို့လည်း ဆိုပါတယ်။
မြေပြိုမှု ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို မသိကြပေမယ့် မီးသတ်ဌာနက လူတစ်ဦးကတော့ အယောက် ၁၀၀ လောက် ပျောက်ဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းလုပ်ငန်းဟာ ပွင့်လင်းမြင်သာမှု နည်းတဲ့ လုပ်ငန်းကြီး ဖြစ်နေပြီး ဖားကန့်ဒေသက ထွက်တဲ့ ကျောက်စိမ်းအများစုကတော့ တရုတ်နိုင်ငံကို တရားမဝင် ရောင်းချခံနေရတယ်လို့ ယူဆနေကြပါတယ်။
Global Witness ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ ကျောက်စိမ်းလုပ်ငန်းဟာ ၂၀၁၄ ခုနှစ်တုန်းက ဒေါ်လာ ၄၃ ဘီလီယံလောက် တန်ဖိုးရှိတယ်လို့ ဖော်ပြထားပြီး အဲဒီ တန်ဖိုးဟာ မြန်မာ တစ်နိုင်ငံလုံးရဲ့ GDP ဝင်ငွေရဲ့ တစ်ဝက်နီးပါး တန်ဖိုးရှိပါတယ်။
ဒါပေမဲ့ အရင်နှစ်တုန်းကတော့ မြန်မာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ကျောက်စိမ်းကြောင့် ဝင်ငွေ ၄.၇ ဘီလီယံ ရရှိတယ်လို့သာ ဖော်ပြထားတဲ့အတွက် Global Witness ရဲ့ ဖော်ပြချက်က အစိုးရရဲ့ တရားဝင် ဖော်ပြချက်ထက် ၁၀ ဆ ပိုများနေတာ ဖြစ်ပါတယ်။
ကျောက်စိမ်းမိုင်းတွင်းမှာ လုပ်ကိုင်သူတွေဟာ အစိုးရ အရာရှိတွေနဲ့ နီးစပ်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ ခရိုနီ သူဌေးတွေ များပြားပါတယ်။
မိုင်းလုပ်ငန်း လုပ်ကိုင်သူတွေဟာလည်း သဘာဝ ပတ်ဝန်းကျင်ကို ထောက်ထားပြီး လုပ်ကိုင်တာမျိုး ရှားပါးပြီးတော့ မြေစာတွေကို စနစ်တကျ စွန့်ပစ်တာမျိုးတွေ မလုပ်ဆောင်ကြဘူးလို့ ပြောဆိုကြပါတယ်။
စွန့်ပစ်မြေစာတွေကို ရွာသူ ရွာသားတွေအတွက် မစဉ်းစားပဲ ရွာနားမှာ စွန့်ပစ်တာတွေ၊ မိုင်းလုပ်ငန်းကြောင့် မြေယာသိမ်းပိုက်မှုတွေနဲ့ တခြား အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများကြီး ရှိခဲ့တဲ့အတွက် သယံဇာတ ကျိန်စာသင့်ရာမြေ ဆိုပြီးတော့တောင် တချို့က တင်စားကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 
 
 
 
 
 
 
No comments