မြန်မာနိုင်ငံတစ်ဝန်းမှ ပန်းချီ၊ ပန်းပုအနုပညာရှင်များ ရေးဆွဲထားသည့် လက်ရာများ စုစည်းပြသ
မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးနှင့် Forever Group မှ ကြီးမှူးကာ၂ဝ၁၅ ခုနှစ် မြန်မာ့ပန်းချီ၊ ပန်းပု လက်ရာ များပြပွဲ ART15 ကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Events Park ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းမှ ပန်းချီ၊ ပန်းပု အနုပညာရှင်များ၏ ရေဆေး၊ ဆီဆေး၊ ခဲ၊ သဲ ပန်းချီကားများနှင့် ပန်းပု၊ ပန်းထိုး ၃၄ဝ ကျော် ခန့်ကို အများပြည်သူတို့ ကြည့်ရှုခံစားနိုင်စေရန် စုစည်းပြသထားသည်။ ထို့အပြင် နိုင်ငံတကာမှ ပန်းချီ၊ ပန်းပုစာအုပ် များကို Myanmar Book Center တွင် ဝယ်ယူရရှိနိုင်ပြီး ဝါသနာရှင် ကလေးငယ်များ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီ လက်ရာများကိုလည်း ချိတ်ဆွဲပြသပေးထားသည်။ ထူးခြားချက်မှာ ပန်းချီပညာရှင်ကြီးများ ကိုယ်တိုင် ရေးဆွဲပြနေသည့် လက်ရာဟန်များကို ကိုယ်တိုင် လေ့လာခွင့် ရစေမည့် အခွင့်အရေးပင် ဖြစ်သည်။ ''ဒီပွဲကို MEP မှာ ပြုလုပ်တာ နှစ် ကြိမ်ရှိပါပြီ။ ဒီလောက်နေရာ အကျယ်အဝန်းမှာ ပန်းချီကား အများကြီးကို ခုလိုတွေ့မြင်ရတာ၊ ဖော်ထုတ်ပြသခွင့် ရတာဟာ အနုပညာရှင်တွေ အတွက်သာမက အများပြည်သူတွေ အတွက်ပါ အကျိုးရှိပါတယ်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကတော့ မြန်မာ့အငွေ့အသက်ပါတဲ့ မြန်မာ့ဟန်လေးတွေကို သဘောကျ စိတ်ဝင်စားကြသလို ပြည် တွင်း ဝယ်ယူသူတွေက သဘာဝအတိုင်း တည်ရှိတဲ့ ပန်းချီကားတွေ၊ မော်ဒန်ပန်းချီတွေကို စိတ်ဝင်စားကြတယ်။ ဒါကြောင့် ဒီပွဲမှာ အနုပညာရှင် တစ်ဦးချင်းစီရဲ့ ပန်းချီလက်ရာတွေကို ဖော်ထုတ် ပြသထားတော့ လက်ရာအစုံကို ကြည့်ရှုလေ့လာနိုင်ခွင့် ရစေတယ်'' ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးမှ ဦးထွန်းဝင်းက ပြောသည်။ ပန်းချီပန်းပု အနုပညာရပ်များသည် အလွန်ကျယ်ပြန့် နက်ရှိုင်းလှသော အနုသုခုမ ပညာရပ်များ ဖြစ်သည်။ ပန်းချီ၊ ပန်းပု ဆရာတစ်ဦးချင်းစီ၏ ဖန်တီးနိုင်မှု အနုပညာရပ်များသည် မိမိနိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။ ထို့ကြောင့် ဂုဏ်ယူစရာ အနုသုခုမ ပညာရပ်များကို အဆိုပါပြပွဲမှ တစုတဝေးတည်း ကြည့်ရှုခံစားနိုင်သည့်အတွက် ဝမ်းသာမိကြောင်းနှင့် ယခုထက်ပိုမို ဖန်တီးပြသနိုင်ကြပြီး မြန်မာ့ပန်းချီကားများ နိုင်ငံတကာထိ ထိုးဖောက်နိုင်စေရန် ကြိုးစားကြစေလိုသည်ဟု ပြပွဲလာကြည့်သူတစ်ဦးက ဆိုသည်။ ယင်းပြပွဲတွင် ပန်းချီးကား တစ်ကားကို အနည်းဆုံး ၁ သိန်းမှ သိန်း ၂ဝ၊ ၃ဝ တန်ဖိုးထိ ဝယ်ယူရရှိနိုင်ပြီး ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက်ထိ ကျင်းပပေးသွား မည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
No comments