မာင်တောဒေသ၌ အကြမ်းဖက်မှုများကြောင့် အရပ်သားအချို့ သေဆုံးဆိုသော သတင်းများ မှားယွင်းဟု ပြန်ကြားရေးဝန်ကြီးဌာနငြင်းဆို
ဘန်ကောက်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌
အကြမ်းဖက်မှုများကြောင့် အရပ်သားအချို့ သေဆုံးခဲ့သည် ဆိုသော သတင်းများသည်
“လုံးဝမှန်ကန်မှု မရှိကြောင်း” ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းတစ်ပုဒ်တွင်
မောင်တောဒေသ၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ရဲမှူးချုပ် တစ်ဦးကို
ကိုးကား၍ ဖော်ပြထားသည်။
“အေပီနှင့် ဧရာဝတီ သတင်းဌာနတို့က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့်ဖော်ပြ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းတစ်ပုဒ်တွင်၊ မောင်တောဒေသ၌
လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ရဲမှူးချုပ် တင်ကိုကို ကို ကိုးကား၍ “ယင်းသတင်းဌာနများ၏ ဖော်ပြချက်သည် လုံးဝ မှန်ကန်မှု မရှိကြောင်း၊ ဤဒေသတစ်ဝိုက်တွင် တည်ငြိမ်မှု ရှိနေကြေင်း၊ ယင်းသို့ ဖော်ပြချက်များမှာ ဆူပူမှုဖြစ်ပွားရန်အတွက် သွေးထိုးလှုံ့ဆော်သော သတင်းအမှားများသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်” ဟု ရေးသားထားသည်။
မောင်တောမြို့နယ် အဖြစ်အပျက်နှင့် ပတ်သတ်၍ အေပီသတင်းဌာနက “ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များ ဓားဖြင့်ခုတ်အသတ်ခံခဲ့ရဟု သတင်းရပ်ကွက်များက ဆိုကြကြောင်းနှင့် သေဆုံးသူ အရေအတွက်မှာမူ များစွာကွဲလွဲလျက်ရှိကြောင်း Arakan Project မှ Chris Lewa က ပြောကြားခဲ့သည်” ဟု အေပီသတင်းဌာနတွင် ဖော်ပြထားခြင်း ဖြစ်သည်။
Lewa ၏ သတင်းရင်းမြစ်များထဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှစကာ မျက်မြင်သက်သေများအထိ ပါဝင်ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြထားသည်။ “သေဆုံးသူ ငါးဦးမှ ဆယ်ဦး အတွင်းသာ ရှိသည်ဟု အချို့သတင်းရပ်ကွက်များက ဆိုကြသော်လည်း၊ မောင်တောမြို့ အုပ်ချုပ်ရေး အဖွဲ့တွင် အလုပ်လုပ်နေသူ တစ်ဦးကမူ သေဆုံးသူ ၄၀ ဦးခန့် ရှိပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆလျက် ရှိကြသည်” ဟု အေပီသတင်းဌာနက ဆိုခဲ့သည်။
မောင်တောဒေသ အဖြစ်အပျက်နှင့် ပတ်သတ်၍ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးနှင့် ယူကေသံရုံးတို့ကလည်း “ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ အမေရိကန် နှင့် ယူကေ နိုင်ငံတို့ အနေဖြင့် လေးနက်စွာ စိုးရိမ်ပူပန်မိပါသည်။ ဒူးချီးရာတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွင်းတွင် တိုက်ခိုက်လုယူမှုများနှင့် အိမ်များကိုဖျက်ဆီးမှုများလည်းပါဝင်ကာ၊ လူအချို့ အသတ်ခံခဲ့ရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ကာ၊ အနည်းဆုံး တစ်ဦး ပျောက်ဆုံးလျက်ရှိနေသည့်အပြင် အရပ်သားပေါင်း ရာနှင့်ချီကာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းများ ကြားသိရသည့်အတွက် ကျွန်တော်တို့အနေဖြင့် ဝမ်းနည်းမိပါသည်” ဟု ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့စွဲဖြင့် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
“အထူးသဖြင့်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံသုံး၍ အကြမ်းဖက်မှု အချို့ကို ကျူးလွန်ခဲ့ကြကြောင်း သတင်းများ ကြားသိခဲ့ရသည့် အတွက် စိတ်အနှောင့်အယှက် ဖြစ်မိပါသည်။ ရခိုင်ပြည်နယ်အတွင်းတွင် နေထိုင်သူ အားလုံးအပေါ် အပျက်သဘော အကျိုးသက်ရောက်စေသည့် ထိုကဲ့သို့သော အကြမ်းဖက်မှုမျိုးအား ကျွန်တော်တို့ ပြင်းထန်စွာ ရှုတ်ချပါသည်။ အာဏာပိုင်များအနေဖြင့် စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးကာ၊ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများမှာ အရပ်သားဖြစ်စေ၊ လုံခြုံရေးဝန်ထမ်းဖြစ်စေ ၎င်းတို့အား အရေးယူဆောင်ရွက်သင့်ပါသည်” ဟုလည်း သံရုံးနှစ်ခု၏ ကြေညာချက်ထဲတွင် ပါရှိသည်။
ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်ကမူ ဒူးချီးရာတန်းကျေးရွာက ရွာသား ၈၄ဦးကို ဖမ်းဆီးထားကြောင်း ဘီဘီစီသတင်းဌာနကို ပြောထားသည်။
ထိုဒေသတွင်းတွင် လုပ်ကိုင်ခွင့်ရလျက်ရှိသော အဖွဲ့အနည်းငယ် အနက်မှ တစ်ခုဖြစ်သည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကလည်း၊ ဒဏ်ရာရရှိသူ နှစ်ဦးကို ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ရကြောင်းနှင့် တစ်ဦးမှာ သေနတ်ဒဏ်ရာရထားခြင်းဖြစ်ပြီး၊ အခြားတစ်ဦးတွင် ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံထားရသည့် လက္ခဏာများ သိသာထင်ရှားစွာ တွေ့ရှိခဲ့ရသည်ဟု ဆိုခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားသည်။
ရွာသားများ သေဆုံးခဲ့သည် ဆိုသော သတင်းကို ဒေသတွင်း ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့သော်လည်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့က အာဏာပိုင်အချို့ အတိုက်ခိုက်ခံခဲ့ရကြောင်း ပြောခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားသည်။
“ရဲအရာရှိ တစ်ဦး သူ့ရဲ့ လက်နက်တွေနဲ့အတူ ပျောက်ဆုံးနေပါတယ်။ ကျွန်တော်တို့ သူ့ကို ရှာနေကြပါတယ်” ဟု မောင်တောမြို့ အနီးမှ အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့သည်။
မောင်တောမြို့နယ် ဒူးချီးရာတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒူးချီးရာတန်းကျေးရွာ ဒေသခံများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
“ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို ရှင်းလင်းအောင် လုပ်ပေးဖို့ မြန်မာအစိုးရကို ကျွန်တော် တိုက်တွန်းပါတယ်။ လျင်မြန်ပြီး ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုဟာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် တားဆီးတဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်” ဟု မစ္စတာ အိုဟေး ကင်တားနား က ဆိုခဲ့သည်။ “တကယ်လို့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်ဆိုရင်၊ မြန်မာအစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ၊ ထိရောက်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်ရမှာ ဖြစ်ပြီးတော့၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရပါမယ်” ဟု မစ္စတာ ကင်တားနားက ပြောကြားခဲ့သည်။