၂၅ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်းပေါင်း ၃၄,၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ခွင့်ပြုခဲ့သည့် ၁၉၈၈-၈၉ မှ ၂၀၁၃ နှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄,၂၀၀ ဒသမ ၀၀၂ ရှိသည်ဟု အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောဆိုလိုက်သည်။
“အကြီးစား စက်မှုလုပ်ငန်းများနှင့် နည်းပညာမြင့်မားသည့် စက်မှုလုပ်ငန်းများအား တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ဖိတ်ခေါ်ရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း” ဒေါ်ခင်စန်းရီက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ရန် မည်သည့်နိုင်ငံများက မည်ကဲ့သို့သော လုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံမှု မည်မျှရှိပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ရရှိနေပြီကို သိရှိ လိုကြောင်း ဗိုလ်တထောင် မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်မြင့်၏ မေးခွန်းထုတ်မှုကို ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ဒု-၀န်ကြီးက ယခုကဲ့သို့ ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု စတင်ခွင့်ပြုခဲ့သည့် နှစ်မှစပြီး လက်ရှိ၏အချိန်ထိ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၁ ခုအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၈၁ ခု ရင်းနှီးမြှုပ်နှံထားသည်ဟု ဒု-၀န်ကြီးက ပြည်သူ့လွှတ် တော်သို့ တင်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၄၁ ဒသမ ၂၈ ရာခိုင်နှုန်းကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက လုပ်ငန်းပေါင်း ၃၅ ခုတွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၄,၁၂၀ ဒသမ ၅၃၈ ဖြင့် အများဆုံးမြှုပ်နှံထားသည်။
ဒုတိယအများဆုံး ဟောင်ကောင်မှ လုပ်ငန်းပေါင်း ၄၈ ခုအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၆,၃၇၉ ဒသမ ၇၇၈ မြှုပ်နှံထားပြီး တတိယအများဆုံး ကိုးရီး ယားနိုင်ငံက လုပ်ငန်း ၇၁ ခုအတွက် ကန် ဒေါ်လာ သန်း ပေါင်း ၂,၉၇၃ ဒသမ ၈၂၅ ရင်းနှီးမြှုပ်နှံ လျက်ရှိနေသည်ဟု ဒေါက်တာ ခင်စန်းရီက ဆိုသည်။
ကဏ္ဍအလိုက် ရင်းနှီးမြုပ်နှံမှုများတွင် လုပ်ငန်းပေါင်း ၆၄ ခုအတွက် ကန် ဒေါ်လာသန်းပေါင်း ၁၃,၆၃၀ ဒသမ ၁၀၂ အား ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် အများဆုံးမြှုပ်နှံထားကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အား လုံး၏ ၃၉ ဒသမ ၈၄ ရာခိုင်နှုန်းရှိ နေသည်။
ဒုတိယအများဆုံးဖြစ်သည့် လျှပ်စစ်ကဏ္ဍအတွက် လုပ်ငန်းပေါင်း ခြောက်ခုတွင် ရင်းနှီးမြှုပ်နှံမှုမှာ ကန် ဒေါ်လာသန်း ပေါင်း ၁၃,၂၅၄ ဒသမ ၄၃၂ ရှိပြီး ရင်းနှီး မြှုပ်နှံမှု အားလုံး၏ ၃၈ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ် ကာ တတိယအများဆုံးဖြစ်သည်။ သတ္တုကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၀ ခုအား ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ် လာသန်းပေါင်း ၂,၃၀၈ ဒသမ ၅၃၆ ဖြစ်ကာ စုစုပေါင်း၏ ၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေသည် ဟု ဒေါက်တာ ခင်စန်းရီက ရှင်းပြသည်။
ပြည်တွင်းလုပ်သား သုံးသိန်းကျော် အလုပ်အကိုင် ဖန်တီးပေးနိုင်ပြီး ယင်းအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ခဲ့သည့် ၁၉၈၈-၈၉မှ ၂၀၁၃၏ နှစ်ကုန်ထိ ပြည်တွင်း လုပ်သားဦးရေ ၃၀၅,၂၁၄ ဦးအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေး နိုင်ခဲ့သည်။
Powered by Blogger.