လက်ရှိ ရခိုင် မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များမှာ စနစ်တကျဖျက်ဆီးခြင်းဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခံစားနေရကြောင်း ရခိုင်သမိုင်းပညာရှင်များက ရှုမြင်နေကြသည်။
မြောက်ဦးမြို့ သျှစ်သောင်းဘုရားနှင့် မနီးမဝေးတွင်ရှိသော ပိဋကတ်သုံးပုံ အဆောက်အဦး အနီးအနား၌တွေ့ရသည့် ယိမ်းယိုင်နေသော စေတီနှစ်ဆူ။မြောက်ဦးမြို့ သျှစ်သောင်းဘုရားနှင့် မနီးမဝေးတွင်ရှိသော ပိဋကတ်သုံးပုံ အဆောက်အဦး အနီးအနား၌တွေ့ရသည့် ယိမ်းယိုင်နေသော စေတီနှစ်ဆူ။
လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ မေလ ၃ရက်နေ့က ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့(Glo
bal Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာအခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုစာရင်းတွင် ထည့်သွင်းခဲ့ပြီးနောက် တစ်နှစ်တာကာလ ကြာလာသည့် ယနေ့ထိ မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေးအခြေအနေမှာ တိုးတက်မှုမရှိရုံမျှမက စိုးရိမ်ဖွယ်ရာ အနေအထားနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
Global Heritage Fund အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေး လုပ်ငန်းများထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင်ထိန်းသိမ်းမှုမရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာခြင်းတို့ကြောင့် ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှေးဟောင်းအမွေ ၁၀ ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်း မြို့တော်တစ်ခုတို့နှင့်အတူ ရခိုင်မှရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။
မြောက်ဦးမြို့တွင် အခြေစိုက်နေထိုင်ပြီး မြောက်ဦးပြတိုက်မှူးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ ရှေးဟောင်း သုတေသနဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ထွန်းအောင်က " မြောက်ဦး ထိန်းသိမ်းရေးက အဆိုးဆုံး အနေအထားမှာ ရှိနေတယ်လို့ဆိုရမှာပဲ။ မြောက်ဦး ယဉ်ကျေးမှုဇုံနယ်ကို တမင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးနေတယ်လို့တောင် ယူဆမိတယ်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ ကိုင်တွယ်ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာတွေ့ရတယ်။ " ဟု ဆိုသည်။
မြောက်ဦးမှာ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ၊ ၂၅ မိနစ်နှင့်အရှေ့လောက်ဂျီတွဒ် ၉၃ ဒီဂရီ ၁၁ မိနစ်တို့ ဆုံရာတွင် တည်ရှိပြီး၊ အေဒီ ၁၄၃၀မှ ၁၇၈၄ ထိ ရခိုင်မင်းတို့၏ နောက်ဆုံး ရာဇဌာနီဖြစ်သည်နှင့်အညီ ရခိုင်ယဉ်ကျေးမှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရာမြို့တော်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ထို့အတူ မြောက်ဦးဒေသခံ စာရေးဆရာ နောင်အေးကလည်း " မြောက်ဦးဟာ ရခိုင်လူမျိုးရပ်တည်ရှင်သန်မှုရဲ့ အမှတ်သင်္ကေတဖြစ်တယ်။ ရခိုင်တို့ရဲ့ အသည်းနှလုံးဆိုရင်လည်း မမှားဘူးပေါ့။ ကမ္ဘာက လေးစားတန်ဖိုးထားရတဲ့ မြောက်ဦးကို နည်းအမျိုးမျိုးနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်နေကြတယ်။ ဒါတွေကို အဓိကတာဝန်ယူထားရတဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာနက သူတို့နဲ့ မဆိုင်သလို လုပ်နေတာ တွေ့ရတော့ အကြီးအကျယ် စိတ်ပျက်မိတယ်။ " ဟု မှတ်ချက်ပြုခဲ့သည်။
မြောက်ဦးမြို့ တံတိုင်းကို ဖျက်စီး၍ နိုင်ငံတော်အစိုးရမှ မီးရထားလမ်း ဖောက်လုပ်နေစဉ်။မြောက်ဦးမြို့ တံတိုင်းကို ဖျက်စီး၍ နိုင်ငံတော်အစိုးရမှ မီးရထားလမ်း ဖောက်လုပ်နေစဉ်။
ယမန်နှစ်က အာရှတိုက်၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုအညံ့ဖျင်းဆုံး ၁၀ ခုစာရင်းတွင် မြောက်ဦးပါဝင်လာ ရခြင်းမှာ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကိုဖြတ်၍ ရထားလမ်း၊ ကားလမ်းများ ဖေါက်ရာ၌ မြို့ရိုး၊ တံခါး၊ တံတိုင်းများ အပါအ၀င်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာနေရာများစွာတို့ ပါဝင်နေခြင်း၊ ရှေးဟောင်းဘုရား စေတီပုထိုးများ ပြုပြင်ရာတွင်လည်း ရှေးဟောင်း သုတေသန နည်းစနစ်နှင့်အညီ မဟုတ်ဘဲ ပြုပြင်မွမ်းမံခြင်း၊ မြောက်ဦး ရှေးဟောင်း နန်းတော်၊ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦးများကို ဖြိုချလိုက်ပြီးသည့် နောက်ပိုင်းတွင် သက်ဆိုင်ရာက ကားဂိတ်များကို နန်းတော်အထဲမှာ နေရာချထားခြင်းစသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အတားအဆီး အတိုင်းအဆမရှိ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် အခြေအနေ များကြောင့် Global Heritage Fund က စိုးရိမ်ဖွယ်ရာ စာရင်းထဲမှာ ထည့်သွင်းထားခြင်းဖြစ်သည်ဟု ရခိုင် သမိုင်းပညာရှင်တို့က ဆိုသည်။
ထို့ပြင် ပစ္စက္ခကာလ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် မြောက်ဦးယဉ်ကျေးမှု ဒေသနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
" မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ Archaeological Zone (ရှေးဟောင်းသုတေသန နယ်မြေ)၊ Monumental Zone (ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးနယ်မြေ)၊ Protective Zone (ရှေးဟောင်းပစ္စည်း အကာအကွယ် ပေးထားရာနယ်မြေ) ဆိုပြီးတော့ သုံးမျိုးရှိတယ်။ အခုတော့ အဲဒီဇုံအားလုံးကို ကိုဖြတ်ပြီး ရထားလမ်း၊ ကားလမ်းတွေဖောက်၊ ရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ဟိုတယ်နဲ့အခြားအဆောက် အဦးတွေ ဆောက်လုပ်ထားပြီး၊ နန်းတော်ရာကုန်းမှာလည်း မြေတူးတဲ့လုပ်ငန်းလို မိမိတို့ဌာနနဲ့ မဆိုင်တဲ့လုပ်ငန်း တွေကို လုပ်ကိုင်နေတာတွေကို စိတ်မချမ်းမြေ့ဖွယ်တွေ့နေရတယ်။ " ဟု ဦးကျော်ထွန်းအောင်က ပြောသည်။
သစ်ပင်ငယ်များ ရှင်းလင်းထားသည်ကို တွေ့ရသည့် မြောက်ဦးမြို့ နန်းရာကုန်း။ သစ်ပင်ငယ်များ ရှင်းလင်းထားသည်ကို တွေ့ရသည့် မြောက်ဦးမြို့ နန်းရာကုန်း။
Global Heritage Fund ၏ နာမည်ပျက် စာရင်းမှပယ်ဖျက်နိုင်ရေး ကြိုးပမ်းချက် တရပ်အနေဖြင့် ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်သည် ၂၀၁၂၊ နိုဝင်ဘာတွင် မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များသို့ သွားရောက်ကာ နေရာ ၅ ခု၌ ရှေးးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ တချို့ကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဟောပြောနေစဉ်အတွင်းမှာပင် ယဉ်ကျေးမှုဇုံအတွင်း ၀င်ရောက်ကာ ဟိုတယ်ဆောက်လုပ်နေသဖြင့် မြောက်ဦးရှေးဟောင်း သုတေသနဌာနက တရားစွဲဆိုခဲ့သော်လည်း၊ အဆိုပါဟိုတယ်မှာ ရှေးဟောင်းသုတေသနဌာန (ဗဟို) ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောက်လုပ် ခြင်းဖြစ်သည်ဟု သိရသည်။ နောက်ပိုင်း စုံစမ်းကြည့်ရာ ဟိုတယ် ဆောက်ခွင့်ပြုခြင်းမဟုတ်ဘဲ စားသောက်ဆိုင်ကိုသာ လုပ်ဆောင်ခွင့် ပြုထားသည်ဟု သိခဲ့ရကြောင်း မြောက်ဦး ပြတိုက်မှ ၀န်ထမ်းတဦးက ဆိုသည်။
နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓည၀တီခေတ် (ဘီစီ ၃၃၂၅-အေဒီ၃၂၇)၊ ဝေသာလီခေတ် (အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ် (အေဒီ၈၁၈-အေဒီ၁၄၃၀)၊ မြောက်ဦးခေတ် (အေဒီ၁၄၃၀-အေဒီ၁၇၈၄) ဟူ၍ ခေတ်ကြီးလေးခေတ် ပိုင်းခြားသတ်မှတ်ထားသလို၊ ဓည၀တီ၊ ဝေသာလီ၊ ပရိန်၊ လောင်းကြက်၊ စမ္ပ၀က်၊ နေရဉ္ဇရာ၊ မြောက်ဦး စသည်တို့မှာလည်း ရခိုင်မင်းတို့ အုပ်စိုးခဲ့သော ရှေးးဟောင်းနန်းမြို့တော်များဖြစ်ကြသည်။
ရခိုင်သမိုင်း၌ မြောက်ဦးမြို့တော် အရေးပါပုံနှင့်ပတ်သက်၍ ဦးကျော်ထွန်းအောင်က " ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်ကြီးတွေထဲက စီးဆင်းလာတဲ့ ခေတ်အဆက်ဆက်က သယ်ဆောင်လာခဲ့တဲ့ ရခိုင်ယဉ်ကျေးမူ အနုပညာ ဗိသုကာ လက်ရာတွေဟာ မြောက်ဦးခေတ်မှာ လာရောက်ပေါင်းဆုံကြတယ်။ ဒီတော့ မြို့တော်ဟာ အထင်ကရ သမိုင်းကြောင်းတွေနဲ့အတူ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရုပ်ကြွင်းရုပ်ထု အနုလက်ရာတွေနဲ့ အစွမ်းကုန် ထွန်းကားခဲ့တယ်။ ဒါကြောင့် မြောက်ဦးဟာ ရခိုင်သမိုင်းမှာ အသက်တမျှအရေးကြီးတယ်လို့ ပြောရပါမယ်။ " ဟုရှင်းလင်းခဲ့သည်။
မြောက်ဦးခေတ်၏ ရွှေရောင်လွှမ်းသည့် ၁၆ ရာစုနှင့် ၁၇ ရာစု ကာလများသည် အင်္ဂလန်နိုင်ငံ ကျူဒါမင်းဆက်၊ အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၊ ထိုင်းနိုင်ငံအယုဒ္ဓယမင်းဆက်၊ မြန်မာနိုင်ငံ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ မင်းဆက် တို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ကြောင်း ၄င်းကဆိုသည်။
သို့သော် မြောက်ဦးမှာ သမိုင်းနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာရုပ်ကြွင်း အထောက်အထားပြည့်စုံကြွယ်ဝပြီး နိုင်ငံတကာ ပညာရှင်များ လက်ခံထားသော်လည်း ယူနက်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအဖြစ်လာရေး တန်းစီဇယား၌မူ တတိယနေရာတွင် ထားရှိခဲ့သည်။
အတွင်းနံရံ ယိုးယွင်းပျက်စီးနေသည့် ကိုးသောင်းဘုရား။ အတွင်းနံရံ ယိုးယွင်းပျက်စီးနေသည့် ကိုးသောင်းဘုရား။
" အစိုးရက ဗိဿနိုး၊ ဟန်လင်းနဲ့ ပုဂံကိုတင်ပြတယ်။ ဒါပေမယ့် World Heritage က ပုဂံကို လုံးဝ လက်မခံခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပုဂံမှာ အဆောက်အဦးအသစ်တွေ၊ ဟိုတယ်တွေဟာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကိုလွှမ်းမိုးပြီး၊ ရှေးဟောင်းယဉ်ကျေးမှု နဂိုပင်မစရိုက် လက္ခဏာတွေအားလုံး ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဗိဿနိုးနဲ့ ဟန်လင်းကို သက်တမ်းအရ တန်းစီဇယားထိပ်မှာ ထားပြီးတော့ မြောက်ဦးကို တတိယနေရာမှာ ထားလိုက်တယ်။ " ဟု မှတ်ချက်ပေးသည်။
WorldHeritage မှာ ပုဂံဒေသ နေရာမရသည့်အခါကျမှ မြောက်ဦးကို တတိယနေရာပေးခဲ့စေကာမူ မြန်မာနိုင်ငံ၏ တူးဖော်တွေ့ရှိပြီး ရှေးအကျဆုံးဖြစ်သော " ဓည၀တီခေတ် " ကို ဘေးဖယ်ထားခဲ့သည်ဟု ဦးကျော်ထွန်းအောင်က ဆိုသည်။
" တကယ်တော့ သမိုင်းအရ ဗိဿနိုးနဲ့ ဟန်လင်းဟာ ရခိုင်ဝေသာလီ ခေတ်နဲ့ ခေတ်ပြိုင်ဖြစ်တယ်။ ရခိုင်က ဓည၀တီခေတ်က ဗိဿနိုး၊ ဟန်လင်းထက် ရှေးကျပြီးသက်တမ်းရှည်လျား သလို၊ ရှေးဟောင်း သုတေသန ဦးစီးဌာနက ဓည၀တီမြို့ရိုးကို စနစ်တကျ တူးဖော်တွေ့ရှိပြီးသား ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဓည၀တီကို ဘေးဖယ်ပြီးတော့ ဗိဿနိုးနဲ့ ဟန်လင်းကိုပဲ ဦးစားပေးလိုက်တယ်။ " ဟုထောက်ပြခဲ့သည်။
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးကို Global HeritageFund အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အသိအမှတ်ပြု လေးစားလာရန်မှာ နိုင်ငံတော်အစိုးရ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ တိကျပြတ်သားစွာ ဆောင်ရွက်ရန် လိုအပ်သလို၊ ဘုရားစေတီပုထိုးများကို ပြုပြင်ရာတွင်လည်း မူလလက်ရာမပျက်စေရေး ရှေးဟောင်းသုတေသန နည်းစနစ်များကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ရမည့်အပြင်၊ ရှေးဟောင်းပစ္စည်းများဝန်းကျင် ထိန်းသိမ်းရာကစ သိပ္ပံနည်းကျပြုမူရန် အထူးလိုအပ်ကြောင်း ရှေးဟောင်းသုတေသန အရာရှိတဦးက အကြံပြုသည်။
ကိုးသောင်းဘုရား အတွင်းပတ်တွင် ပျက်စီးနေသည့် ဘုရားတစ်ဆူကို မြင်ရစဉ်။ကိုးသောင်းဘုရား အတွင်းပတ်တွင် ပျက်စီးနေသည့် ဘုရားတစ်ဆူကို မြင်ရစဉ်။
ရခိုင် နောက်ဆုံးခေတ်ဖြစ်သည့် မြောက်ဦးခေတ် ပုံရိပ်လွှာနောက်ဆုံးနန်းမြို့တော် ရွှေမြောက်ဦးမှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ကာ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့၍၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့ပြီး၊ ဘုရားပုထိုး၊ စေတီပေါင်းမြောက်များစွာနှင့် မြို့ရိုးတံခါး၊ ကျူံး၊၊ ခံတပ်၊ နန်းတော်ရာ စသည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူ အမွေအနှစ်များ အထူးပေါကြွယ်ဝသော ရခိုင်ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ကြောင်း သိရသည်။http://arakantimes.net ကူးယူဖော်ပြသည်