ဂျီနှင့်ဖေ့ များအကြောင်းကိုတင်နွယ်မှတင်ဆက်ပါသည်

ကျွန်တော်ဟာ အင်တာနက်ကို ၂၀၀၆ ခုနှစ်လောက်က စတင် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အင်တာနက် စသုံးတော့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးတဲ့သူ အရေအတွက်ဟာ လက်ချိုးရေလို့ ရပါတယ်။ အင်တာနက်ဆိုတာ သေသေချာချာ နားမလည်သေးတဲ့ ကာလဆိုတော့ အင်တာနက် စသင်ရတဲ့ နေရာက ရန်ကုန် လှိုင်မြို့နယ်ထဲက MICT Park မှာပေါ့။ IT ကုမ္ပဏီ တစ်ခုမှာ အင်တာနက် အသိုက်အ၀န်းထဲကို ခြေချဖို့ ကျွန်တော် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့ပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ ယနေ့ ဖြစ်ပျက် ပြောင်းလဲနေတဲ့ ကမ္ဘာအရပ်ရပ်က သတင်းတွေကို အချိန်တို အတွင်း သိနိုင် မြင်နိုင်တဲ့အတွက် သတင်းတွေကို အသုံးချလို့ ကိုယ်ကျိုးစီးပွားတွေ ရှာဖွေရာမှာ အသုံးတည့် အသုံးဝင်ခဲ့တာလို့ ကျွန်တော် ထင်မှတ် ခဲ့ပါတယ်။ မော်ဇီလာ ဖိုင်းယားဝေါကို သုံးပြီး ကိုယ်ရှာချင်တဲ့ အကြောင်းအရာ၊ ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ၊ သီချင်းတွေကို လွယ်လွယ်ကူကူ ရယူနိုင်ခြင်းကလည်း အင်တာနက်ကို စွဲလမ်းစေတဲ့ ညို့အားကောင်းတဲ့ အခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ Gmail ကို စတင်သင်ကြားရတော့ ကျွန်တော်ငယ်ငယ်က ပေးစာ ရေးတာကို မျက်လုံးထဲ ပြေးမြင်ယောင်မိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ Gmail ဟာ ဆက်သွယ်ရေးအတွက် အသုံးပြုတဲ့ စာပို့တဲ့စနစ်ကို ကြားထဲက အချိန်တွေ ငွေတွေ အကုန်အကျ သက်သာစွာနဲ့ ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှု ဖြစ်တယ်ဆိုတာ သင်ယူ စအချိန်မှာ သိရှိ နားလည်ခဲ့ရပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ကျေနပ် ပျော်ရွှင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ Gmail ကို လူမှုကိစ္စ အ၀၀မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြ ပါတယ်။ ကျွန်တော် သိသလောက် မြန်မာနိုင်ငံမှာ စတင် ခေတ်စားလာတဲ့ Gmail နဲ့ Gtalk ကို လူမှုကိစ္စတွေမှာ အကျိုးရှိစွာ သုံးစွဲကြရမယ့်အစား လူအချင်းချင်း လှည့်ပတ်လိမ်ညာပြီး ဘ၀အတုတွေကို ဖန်တီးလို့ ကိုယ်ကျင့်တရားတွေ ဖောက်ပြန်ခဲ့ကြတာကို တစ်စတစ်စ ကြားသိ မြင်တွေ့လာခဲ့ရပါတယ်။
အဲဒီလို Gmail နဲ့ Gtalk ကို အသုံးပြုပြီး အိမ်ထောင်သည်တွေကလည်း လူပျို အပျို ဟန်ဆောင် လူမှုရေး ဖောက်ပြန်၊ အချစ်တု၊ အပေါ်ယံသကာလောင်း သံယောဇဉ်တုတွေနဲ့ ကိုယ့်စိတ်ကို ကိုယ်လှည့်ဖြားလို့ ဆိတ်ကွယ်ရာ ဒေသမှာ ဖောက်ပြန်သလိုမျိုး အင်တာနက်မှာ ကြီးပြင်ခဲ့တဲ့ ကာလလို့ ဆိုရမယ့် အချိန်ကို တော်တော်များများ ဖြတ်သန်းခဲ့ကြပါတယ်။ နောက်တော့ အင်တာနက် ကွန်နက်ရှင်တွေ အကြောင်း အမျိုးမျိုးကြောင့် နှေးကွေးတာတွေကြောင့် ကျွန်တော်တို့ မီဘိုလိုဟာမျိုးတွေကိုပါ သုံးပြီး Gtalk ကို အာသာ ငမ်းငမ်းတက် မက်မော ခုံမင်ခဲ့ကြပါတယ်။ အဲဒီနောက် ဗီဇက်အိုလို ရုပ်ကောမြင် အသံပါကြားတဲ့ ဆော့ဝဲလ်မျိုးကို နှစ်ချိုက် ခုံမင်လာရင်း ကျွန်တော်တို့ အင်တာနက် အ၀န်းအ၀ိုင်းထဲက ကုန်းထဖို့ ခက်ခဲကြပါတယ်။
ယနေ့ ခေတ်စားနေတဲ့ Facebook, Twitter တို့ကတော့ တစ်ဦးချင်း သုံးတဲ့ အနေအထားထက် အားလုံးကို သတင်းအချက်လက်တွေ ခံစားချက်တွေ ပေးနိုင်တဲ့ အနေအထား အထိ ကျယ်ပြန့်လာတယ်။ ဒါ့အပြင် ငွေကုန်မှုမရှိဘဲ ကိုယ်ပိုင် Website တစ်ခု တည်ထောင်ထားသလို အခြေအနေအထိ ဖန်တီးနိုင်တာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Facebook ကို လူကြိုက်များလာတာလည်းဖြစ်ပါတယ်။ Facebook ဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ လူကြိုက်များတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။ ယနေ့ဆိုရင် ကမ္ဘာပေါ်မှာ သန်းပေါင်း ၈၀၀ ကျော်လောက်ဟာ Facebook ရဲ့ ကျေးကျွန်တွေ ဖြစ်နေကြပါပြီ။ အားလုံးကို လေးစားစွာဖြင့်

ကိုတင်နွယ်
Powered by Blogger.